ကိုယ်တိုင်တောင်မသိလိုက်ဘဲ ကိုယ့်သွားကို ထိခိုက်ပျက်စီးအောင် လုပ်နေမိပြီလား
သွားတွေဆိုတာလည်း ကျွန်တော်တို့ရဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အတွက် သဘာဝအတိုင်း အသက်အရွယ်ရလာတာနဲ့အမျှ ပျက်စီးဆွေးမြေ့လာတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကျွန်တော်တို့ကိုယ်တိုင်တောင် မသိလိုက်မိဘဲ လုပ်မိလိုက်တဲ့ အပြုအမူတွေကြောင့် သွားတွေက မလိုအပ်ဘဲ ထိခိုက်ပျက်စီးစေမိတတ်ပါတယ်။
ဒီလိုအပြုအမူတွေက ယေဘုယျအားဖြင့် ခြုံကြည့်မယ်ဆိုရင် ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သိပ်ပြီးထိခိုက်စေလောက်မှာ မဟုတ်ဘူးလို့ မြင်တတ်ပေမယ့် တကယ်ကတော့ သွားတွေသည်လည်း သုံးတာများလာရင် ကျိုးပဲ့ပျက်စီးသွားတတ်တဲ့ သဘာဝရှိတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ အဲဒီတော့ ဒီလိုအပြုအမူတွေကို ကိုယ်တိုင်လုပ်နေမိပြီလားဆိုတာ သိအောင် မီးမောင်းထိုးပြရမယ်ဆိုရင်…
၁။ လက်သည်းကိုက်ခြင်း
ပျင်းလို့လား၊ အကျင့်ဖြစ်နေလို့လား၊ တစ်ခုခုကို စိုးရိမ်ပူပန်ပြီး စိတ်လှုပ်ရှားနေလို့လား စသဖြင့် အကြောင်းရင်း၊ အခြေအနေအမျိုးမျိုးမှာ လူတွေဟာ အသက်ကြီးတဲ့အထိ လက်သည်းကိုက်လေ့ရှိပါတယ်။ လက်သည်းကိုက်တဲ့အခါ လက်သည်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားပိုးမွှားတွေက သွားကြားထဲမှာ တွယ်ကပ်တဲ့အပြင် သွားကို ကြိတ်ပြီးကိုက်နေရတာဖြစ်တဲ့အတွက် လွှစားသလိုဖြစ်ပြီး ကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။
၂။ ရေခဲတွေကို ကိုက်ဝါးခြင်း
အအေးသောက်တဲ့အခါ ကျန်တဲ့ရေခဲနည်းနည်းလေးကို နှမြောတာ၊ အဲဒီလို သွားနဲ့ ဂျွတ်ကနဲကိုက်ဝါးရတဲ့ ခံစားချက်ကို ကြိုက်တာ ဒါမှမဟုတ် Pica လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် ရေခဲတွေကိုက်ဝါးတတ်တဲ့အကျင့် ဖြစ်လာနိုင်ပါတယ်။ ရေခဲအပြင် သူ့လိုပဲ မာကျောတဲ့အရာဝတ္ထုတွေကို ကိုက်ဝါးလိုက်တဲ့အခါ သွားကိုအက်သွားစေနိုင်တဲ့အပြင် သွားကြွေလွှာကို ပါးလွှာသွားစေနိုင်ပါတယ်။
၃။ သွားကို ကိရိယာတစ်ခုလို အသုံးပြုခြင်း
ဒါကတော့ မုန့်ထုပ်တွေကို သွားလေးနဲ့ကိုက်ဖြတ်ပြီး ဖောက်တတ်သူတွေ၊ ပုလင်းအဖုံးကို အချွန်နဲ့မဟုတ်တဲ့ ထက်လွန်းပါတယ်လို့ ကြွေးကြော်တတ်တဲ့ ကိုယ့်သွားနဲ့ ဖောက်ဖွင့်ပြုတတ်သူတွေ မကြာခဏလုပ်တတ်တဲ့ နေထိုင်မှုပုံစံတစ်ခုပါပဲ။ ဒီလိုမျိုး သွားကိုအပြင်ဘက်ကနေ ဖိအားပေးအသုံးပြုတဲ့အခါ သွားကိုအံလွဲစေနိုင်တဲ့အပြင် ကျိုးပဲ့ပျက်စီးစေဖို့ အရမ်းလွယ်ကူပါတယ်။
၄။ အားပြင်းပြင်းနဲ့ သွားတိုက်ခြင်း
ခံတွင်းကျန်းမာရေးအတွက် သွားတိုက်တဲ့အခါမှာလည်း မလိုအပ်ဘဲ အားသုံးလွန်းတာ၊ ဖြူချင်ဇောနဲ့ အချိန်အကြာကြီး သွားပွတ်တံကို ဖိတိုက်ရင်လည်း သွားဖုံးတွေကို ယားယံစေတာ၊ ကျဉ်စေတာအပြင် သွားအပေါ်ယံကြွေလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
၅။ သွားကြိတ်ခြင်း
ဒေါသလေးထွက်လို့ဖြစ်ဖြစ်၊ အလေးအပင်မလို့ဖြစ်ဖြစ်၊ အိပ်နေရင်းနဲ့ ပါးစပ်ကအလိုလို သွားကြိတ်၊ အံကြိတ်ခြင်းက အပေါ်အံသွားနဲ့ အောက်သွားတွေကို အပြန်အလှန်ဖိအားဖြစ်စေပြီး သွားကို ထိခိုက်ပျက်စီးစေရုံသာမက မေးရိုးကိုပါ လွဲစေနိုင်တာကို သတိပြုသင့်ပါတယ်။
၆။ အချဉ်ဓာတ်များတဲ့ အအေးတွေကို မကြာခဏသောက်သုံးခြင်း
အချဉ်ဓာတ်ဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့တိုင်အောင် အက်စစ်ဓာတ်ဖြစ်တဲ့အတွက် များများသောက်ပေးတဲ့အခါ သွားကြွေလွှာကို စားသွားစေနိုင်ပါတယ်။ အထူးသဖြင့် သွားတိုက်ပြီးကာစမှာ အချဉ်ဓာတ်များတဲ့ အအေးတွေ၊ ဂက်စ်ပါတဲ့ ဖျော်ရည်တွေကို သောက်လိုက်ရင် သွားကိုထိခိုက်စေတာနဲ့ အတူတူပါပဲ။ ဒါကိုရှောင်ကြဉ်ဖို့ သွားတိုက်ချိန်နဲ့ အအေးသောက်ချိန်ကြား အနည်းဆုံး နာရီဝက်ခြားပေးတာ၊ အအေးသောက်တာကို Limit သတ်မှတ်တာမျိုး လုပ်ပေးသင့်ပါတယ်။
၇။ ရေသောက်နည်းခြင်း
ဒါကတော့ လူသိနည်းတဲ့အချက် ဖြစ်မယ်ထင်ပါတယ်။ ရေသောက်နည်းတဲ့အခါ စားလိုက်တဲ့အစားအစာတွေကနေ ဘက်တီးရီးယားပိုးတွေက သွားကြားထဲခိုအောင်းပြီး ဒုက္ခပေးသလိုပဲ၊ ခံတွင်းခြောက်သွားတဲ့အတွက် သွားနဲ့ခံတွင်းထဲ ပြင်ပကရောဂါပိုးတွေ အလွယ်တကူ ကပ်ငြိသွားနိုင်တာကို သတိပြုသင့်ပါတယ်။
သင်ကိုယ်တိုင်ရော ဒီအချက်တွေထဲက ဘယ်နှစ်ချက်ကို ပုံမှန်လုပ်နေမိတတ်လဲဆိုတာ ပြန်ဆန်းစစ်ဖို့တော့ လိုပြီထင်တယ်နော်။
ရဲမျိုးမြတ်